ဘ၀ကို ပြန်လည်ဆန်းစစ်ခြင်း။

 လူ့ဘ၀ကို ဖြတ်သန်းလာခဲ့ကြရာတွင် အကြမ်းအားဖြင့် အရွယ်သုံးပါးကို ဖြတ်သန်းကြရသည်။ တစ်နည်းဆိုရသော် ပထမအရွယ်၊ ဒုတိယအရွယ် ၊ တတိယအရွယ် တို့ကိုဖြတ်သန်းခဲ့ကြရသည်။

ပထမအရွယ်နှင့် ဒုတိယအရွယ်တို့ ၌ လူ့ဘ၀တွင် လှုပ်ရှားဆောင်ရွက်မှု၊ အမှု ကိစ္စများခြင်းသည် သဘာဝဖြစ်၏။ ပညာ၊ ဥစ္စာ ရှာဖွေစုဆောင်းသည့် ...ဘ၀...ကာလအပိုင်းအခြားလည်းဖြစ်သည်။ မိမိဘ၀ရပ်တည်ဖူလုံရေးအတွက် စိတ်ဇောသန်သန်ဖြင့် ရုန်းကန် လှုပ်ရှားရသော ကာလလည်းဖြစ်သည်။

္ဒထိုဘ၀အဆစ်အပိုင်းတွင် လူသည် အောင်မြင်မှုရနိုင်သကဲ့သို့ ဆုံးရှုံးမှုလည်းဖြစ်နိုင်သည်။ လူအများစုတို့၏ တစ်သက်တာ အောင်မြင်မှု၊ ဆုံးရှုံးမှုတို့ကို အဆုံးအဖြတ်ပေးသည့် ဘ၀အပိုင်းအခြားလည်းဖြစ်လေသည်။

တတိယအရွယ်ရောက်သည့်အခါ အောင်မြင်မှုတို့လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး၊ မအောင်မြင်မှုတို့လည်း တက်ကြွသည့် အရှိန်အဟုန်လျှော့ပြီ။ ထိုအချိန်တွင် မိမိဘ၀ကို ပြန်လည်ရှုမျှော်သုံးသပ်မှုကိုပြုမိကြသည်။ ဇောပေါင်းများစွာ ကွာကျသွားသည့် တတိယအရွယ်သို့ရောက်မှသာ မိမိ ဘ၀ ကို ပြန်လည်ဆင်ခြင် စိတ်ဝင်လာလေ့ရှိသည်။

ဘ၀ကို ပြန်လည် သုံးသပ်ဆင်ခြင်ရာတွင် ဆင်ခြင်ပုံ ဆင်ခြင်နည်း နှစ်မျိုး နှစ်စားကွဲပြားနိုင်လေသည်။ အ ချို့က မိမိဘ၀၏ အောင်မြင်မှု၊ မအောင်မြင်မှုများကို ဆင်ခြင်သုံးသပ်သကဲ့သို့ အချို့က မိမိဘ၀တွင် ယခုကာလအထိ ဆောင်ရွက်ခဲ့သည်များကြားထဲမှ ပရဟိတ အဘယ်မျှပါသည်ကို ဆင်ခြင်သုံးသပ်သည်လည်းရှိမည်။ လူ့လောက အတွက် ပြောစမှတ်ပြုလောက်သည့်ဆောင်ရွက်မှု အဘယ်မျှပါမပါ ဆန်းစစ်ကြသည်လည်းရှိမည်။

မည်သို့ပင်ဖြစ်စေ ပြန်လည်ဆန်းစစ်ခြင်းဖြင့် လူ့ဘ၀၏ တန်ဖိုးကို ပြန်လည် အကဲဖြတ်ကြပါစို့။

ထိုထိုလူ

 ဘ၀မှာ…သင်ဆရာများစွာ ရှိသလို၊ ယခုလို သွားရင်းလာရင်းမှတ်သားစရာ၊ ဗဟုသုတများသင်ကြားပေးတဲ့ ကြားဆရာများလဲ
ရှိခဲ့ ပါတယ်။ ယခု ကြားဆရာတစ်ယောက်ပြောပြတဲ့ လူ့ အကြောင်းပြောပြပါမယ်။ ညခင်း ရုံးပိတ်ရက်လေးမှာ…ဆံပင်သွားညှပ်တော့၊
ဆိုင်မှာ…အန်တီကြီး တစ်ယောက်နဲ့ ဆုံမိတော့ ထွေရာလေးပါးပြောဆိုရင်း လောကတွင် လူ(၅)မျိုး ရှိတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။
ပထမတစ်မျိုးက အ၀တ်အစား ၀တ်ထားတဲ့ တိရိစ္ဆာန်သာသာလူစားတဲ့၊ အဲသလိုလူမျိုးတွေက အိပ်၊စား၊ကာမ ထိုသုံဝနဲ့ဘဲ ဘ၀ကို
အချိန်ကုန်နေကြ၊ တိရိစ္ဆာန်လိုပဲ စိတ်ကုးထဲပေါ်တာတွေ အကုန်လုံးလျှောက်လုပ်ကြ၊ အာရုံရရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့
တကယ်တမ်းမှာ အ၀တ်အစားဝတ်ထားတဲ့ တိရိစ္ဆာန်ပါတဲ့။
လူငါးမျိုးထဲမှာ အနိမ်ဆုံးမျိုးအစားလို့ သရုပ်ခွဲပြပါတယ်။
ဒုတိယတစ်မျိုးကတော့ ပထမထက် အနည်းငယ်သာပါသတဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေတဲ့။သည်အမျိုးအစားကတော့
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင် ရွက်ဖို့ ၀န်မလေးသူတွေပါတဲ့။
တတိယတစ်မျိုးကကျပြန်တော့လည်း ဒုတိယအမျိုးထက် နည်းနည်းသာသွားပြန်ရောတဲ့။ အဲဒီတစ်မျိုးကတော့ ဘ၀ရပ်တည်မှုအတွက်အား
ထုတ်သူများပါတဲ့။သူတို့ကတော့ အတတ်ပညာ၊အသိပညာ၊ ၀ါသနာ၊အစွမ်းအစတစ်ခုခုကို ထုတ်သုံးပြီး ဘ၀ရပ်တည်ရေး အတွက်
ဆောင်ရွက်နေသူများဖြစ်ပါသတဲ့။သူတို့တွေကလည်း သူ့တို့ရပ်တည်မှုနဲ့ သူတို့ရဲ့ နေရာအတွက် ဘာကိုမဆိုလုပ်ကိုင်ဆောင်ရွက်ဖို့
ဝန်မလေးကြပြန်ဘူးတဲ့။
စတုတ္တတစ်မျိုးကတော့ စာရိတ္တမဏိုင်ကိုခိုင်အောင် ထိန်းသိမ်းသူများဖြစ်ပါတယ်။လျှာမှာ မြက်ပေါက်ပါစေ၊ သည်လိုအလုပ်ကိုဖြင့်
မလုပ်ဘူး၊ မိုးပြိုချင်ပြိုပါစေ၊ မတရားကတော့ မလုပ်ဘူးစသဖြင့် မိမိရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကိုအပွန်းအပဲ့မခံသူများဖြစ်ပါသတဲ့။
အဲ…နောက်ဆုံးတစ်မျိုးကတော့ သူတော်စင်များပါတဲ့။ မိမိရဲ့ ကိုယ်ကျိုးကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိတော့ဘဲ အများအတွက်
ဆောင်ရွက်နေတာ၊ အများသူငါအပေါ် မေတ္တာစေတနာသန့်စင်စွာ ထားနိုင်တာ၊အတ္တအနည်းဆုံးနေနိုင်တာများနဲ့ပြည့်စုံနေသူ
သူတော်စင်များပါတဲ့။
အဲသလို(၅)မျိုးခွဲခြားပြသပေးတဲ့ အန်တီကြီး၏ စကားအဆုံးမှာ….ညခင်း ငိုင်ပြီးကျန်ရစ်ခဲ့ပါတယ်။သူ့စကားကို တနုံနုံစဉ်းစားနေမိတယ်။
အသေချာဆုံးကတော့ သူတော်စင်မဟုတ်တာပါ။ အတ္တမာန၊ဘ၀င်မိုးထိနေတဲ့ ပုထုဇဉ်တစ်ယောက်ပါ။ ဒါဖြင့် စတုတ္တတစ်မျိုးရော…ဒါလဲ ရဲရဲမပြောနိုင်ပြန်ဘူး။မျှတမှုကို ဂရုထားတတ်ပြီး၊ နိုင်လိုမင်းထက် မပြုချင်သူ ထဲပါတယ်လို့လဲ ထင်မိသေးတယ်။ တစ်ခါတစ်လေတော့လဲ ထင်ရာစိုင်းတဲ့အခါစိုင်းမိနဲ့…အော် ဟိုငြိ ၊ သည် ငြိပါလား………။

ပန်းနုရောင်ဘဝ

 ငယ်ဘ၀ လေးနဲ့ လျှောက်လမ်းနေရတဲ့ ယခုဘ၀လေး နှိုင်းယှဉ်ကြည့်ရအောင်နော်…
ငယ်ကဆို…အပူအပင်မရှိ ဆော့လို့ကောင်းတုန်း ။ ဘာမှ သိပ်အများကြီး မသိသေး။ ဘာမှလည်း မစဉ်းစားတတ်။ လူငယ်ဘ၀ အရသာအပြည့် လွတ်လပ်ခြင်းတွေနှင့် ပျော်ရွှင်လို့၊ ဘ၀ဆိုတာလည်း ဘာမှန်းပင် မသိနိုင်အောင်။
လူတွေကလို့ ….သိမ်းကျုံး ရစ်ပတ်နာကျင်စွာ မဖွင့်အန်တတ်သေး…
ပီတိ ကလေးဘ၀…
ပျော်စရာကိုသာတွေး….
ပျော်စရာကိုသာ ရွေးတတ်ခဲ့ချိန်တွေ။
အခုတော့ လုပ်ငန်းခွင်ထဲမှာ ဘ၀တတ်လမ်း အတွက် စီးမျော၊ ပညာနှင့် ဥစ္စာနောက် ကောက်ကောက်ပါအောင် လိုက်နေကြရတဲ့ ဘ၀ထဲမှာ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း အရသာတွေ ပျောက်ဆုံးခဲ့ပါပြီ။
ကြမ်းတမ်းတဲ့ လောကဓံ။
ခက်ခဲ ကျပ်တည်းတဲ့ လူမှု ဆက်ဆံရေးများ အကြား ဘ၀နှင့် ဆန္ဒဟာ ထပ်တူမကျခဲ့ပါ။
အသားမကျခြင်းတွေနှင့်ပဲ အသားတကျ ပျော်ဝင်ရင်း လူကြီးဖြစ်ခဲ့ရပြီ။
လောကဓံလှိုင်းတွေ…နဲ့ဆုံတွေ ရတိုင်း ငယ်ဘ၀ လေးပြန်ရချင်မိတယ်။
ရတော့ဘူးနော်…

ငါ့ကြောင့်မဟုတ်

ဒီမြေပေါ် ရေတစ်စက် စ ချသူဟာ ငါ ဖြစ်တယ်…။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီနေရာမှာ သမုဒ္ဒရာ…. တစ်ခု ဖြစ်လာရင်တော့ ငါ့ကြောင့် မဟုတ်ဘူး။
ဒီတောင်ကမူလေးပေါ် ကျောက်ခဲလေး တစ်ခဲကို မီးစွဲအောင် စလုပ်သူဟာ ငါဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီတောင်ကမူလေး မီးတောင်ကြီးတစ်ခုဖြစ်လာပြီး ထပေါက်ကွဲရင်…ငါကြောင့် မဟုတ်ဘူး..။
ဟော….အတောင်ပံမဲ့နေတဲ့ အဖော်မဲ့ ငှက်ကလေးတစ်ကောင်ကို အတောင်ပံတွေ ပေးတာငါဖြစ်တယ်။ ဒါပေမယ့် တစ်ချိန် ချိန်မှာ ဒီဒေသ ငှက်မဲ့ဒေသ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားရင် ငါ့ကြောင့်မဟုတ်ဘူး။
အေး….နွေသစ်ခက်ကို ရွက်နုတစ်ရွက်ပေးသူဟာလည်း ငါပဲ ဖြစ်တယ်။ အဲဒီရွက်နုတစ်ရွက်ကြောင့် ခြောက်သွေ့ပြီး တောပြုန်းတဲ့ ဒီနေရာမှာ တစ်ချိန်ချိန် စိမ်းလန်း ဝေဆာပြီး သာယာတဲ့ ဥယျာဉ်ကလေးတွေ ပေါ်လာရင် အေးမြတဲ့ စမ်းချောင်းကလေးတွေ ပေါ်လာရင် ငှက်ကလေးတွေ သီချင်းဆိုတိုင်း ပန်းပွင့်ကလေးတွေ …ထ. ကရင်…
ဟုတ်ပြီနော်…။ ဟိုတစ်ချိန်က မရဖူးတဲ့ ချိုမြန်မှုတွေ အခုဒီနေရာမှာ ပြန်ရလာရင်လည်း…..
ငါ့ကြောင့်မဟုတ်……

အပြစ် မပြောချင်နဲ့

 

လူတစ်ယောက်က ကြက်တူရွေးကို ၀ယ်ခဲ့ပြီး အိမ်မှာလွတ်လပ်စွာ မွေးထားလိုက်တယ်။ ဒီကြက်တူရွေးက အလွန်ယဉ်ပါးတယ် ဆိုပဲ။
တစ်နေ့မှာ ကြက်တူရွေးဟာ မီးလင်းဖိုအထက်နားမှာ နားရင်း သာယာစွာ သီချင်းဆိုနေတာပေါ့။ အိမ်မှာမွေးထားတဲ့ ကြောင်က မြင်သွားလို့ မင်းဘယ်သူလဲ ဘယ်ကလာ သလဲလို့မေးလိုက်တယ်။
ကြက်တူရွေးကလည်း အိမ်ရှင်က ၀ယ်ခဲ့တယ် လို့ဖြေတယ်။
မင်းဟာ အတော် အတင့်ရဲ့တာပဲ။ ဒီ အိမ်ကို အခုမှလည်းရောက်လာသေးရဲ့။ ဒီလောက်ဆူဆူညံညံ သီချင်းဆိုရသလား။ ငါဟာ ဒီအိမ်မှာ မွေးတဲ့ ကြောင်ပဲ။ ဒါတောင် ငါအော်ခွင့် မရဘူး။ ငါ့အော်သံကို ကြားရင် သူတို့စိတ်ဆိုးပြီး အိမ်က နှင်လိုက်မှာ သေချာတယ်…လို့ ကြောင်ကပြောတာပေါ့။
ဒါနဲ့ ကြက်တူရွေးက ပြန်ပြောတယ်။
ဒါဝမ်းနည်းစရာပဲ။ ကျုပ်အကြံပေးချင်တာက ကျုပ်လို အသံကောင်းဖို့ ခင်ဗျား အများကြီးကြိုးစားရလိမ့်မယ်။ ခင်ဗျားရဲ့ အသံနဲ့ ကျုပ်ရဲ့ အသံဘယ်လိုကွားခြားသလဲ ဆိုတာ သိတယ် မဟုတ်လား။ ဒီအိမ်ရှင် မိသားစုက ခင်ဗျားရဲ့အသံကို မကြားချင်ပေမယ့် ကျုပ်အသံကို သဘောကျ ကြတယ်ဗျ တဲ့။
(ကိုယ့်ချို့ယွင်းချက်လည်းမသိ၊ သူများ အားသာချက်ကိုလည်း မသိတဲ့သူတွေ ရှိတယ် ဆိုကြောင်းပြထားတဲ့ ပုံပြင်ပါ။)

သုံးကောင်ဖြစ်သွားမယ်။

 အင်းဝခေတ် တောင်ဖီလာဆရာတော်ကြီးသည် ခွေးများကို အစာကျွေးနေရင်းက ကြီးသောခွေးက ငယ်သော ခွေးကို အနိုင်ကျင့်ပြီးကိုက်သောအခါ တဟဲ့ဟဲ့ဖြင့် မောင်းနေရ၏။ တစ်ချို့ခွေးကြီးများကား ဘယ်လောက်ပင်မောင်း မောင်း မရ၊ ပို၍သာ ဆိုးလာ၏။ ထိုအခါ ဆရာတော်ကြီးသည် စိတ်တိုသွား သဖြင့် တောင်ဝှေးကို ကိုင်မြှောက်လိုက်ရင်း ...

...တယ်........ဒီခွေးတွေ ရိုက်လိုက်ရ ငါပါ သုံးကောင်ဖြစ်သွားရော မယ်......ဟု ညည်းတွားရှာလေသည်။

ယခုလည်း ဆုတ်ကပ်ခေတ်ကြီးတွင် မကောင်းသော သူများကသာ များများလာသောအခါ အနည်းစုဖြစ်သော လူကောင်းများက မထူးပါဘူးကွား၊ သူများမိုးခါးရေသောက် ကိုယ်လည်းသောက်တာပဲ ကောင်းပါတယ်ဆိုပြီး မကောင်းတာကို လုပ်မိကြသူကများ၏။ ထိုသူမျိုးကား မိမိကိုယ်ကို သုံးကောင်ဖြစ်စေသူများသာ ဖြစ်၏။


ချစ်ခင်လေးစားလျှက်...
ညခင်း

          ပန်းရန်သုံးယောက် အကြောင်း နှင့် လူ ၅မျိုး။

ကလေးအရွယ်မှာတော့ ကစားတာပဲ သိသပေါ့။ အရွယ်ရောက်လာရင်တော့ အလုပ်လုပ်ရတယ်မဟုတ်ပါလား။ အလုပ်လုပ်တယ်ဆိုတာ လူလားမြောက်ကြောင်းပြတဲ့ အထင်ရှားဆုံးသင်္ကေတ ဆိုတဲ့စကားကိုလည်း မှတ်သားရဖူးပါတယ်။
အလုပ်နှင့်ပတ်သက်၍ မှတ်သားထားဖူးတာလေးများ ကို ပြန်ပြောပြပါရစေ....

ပန်းရန်သုံးယောက် အကြောင်း.............

ပထမ ပန်းရန်ကိုမေးသည်။ ဘာလုပ်နေသလဲ ပန်းရန်က မော့၍မျှပင်မကြည့်ပဲ ကျုပ် အုတ်စီနေတာ ဟူ၍ ပေါ့ပေါ့တန်တန်ဖြေ၏။

ဒုတိယ ပန်းရန်ကမူ အနည်းငယ် အလေးထားသော ပုံစံမျိုးဖြင့် နံရံတစ်ခု လုပ်နေတယ် ဟူ၍ ဖြေသည်။

တတိယ ပန်းရန်ကမူ ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် စိတ်အားထက်သန်စွာ ဖြေသည်။ ကျုပ်က ဘုရားကျောင်းတော်ကြီး တည်နေတာဗျ..။

အလုပ်လုပ်တာချင်းအတူတူ အလုပ်၏ ရည်ရွယ်ချက်ကို တိတိပပ ပြောနိုင်သူသည်သာလျှင် သူတစ်ပါးထက်ထူး၏။ အလုပ်ချင်း အတူတူ စေတနာထားတာချင်းကွာ၍ ရည်ရွယ်ချက်ခြင်း ကွာ၍ တန်ဖိုးခြင်း လည်းကွာသည်။

လောကတွင် လူ ၅မျိုးရှိသည်။ ယင်းတို့မှာ-
၁။ အလုပ်ရှောင်သူ။ ။ ထိုသူသည် အထက်လူကြီးများ မသိအောင် အလုပ်ခိုကပ်နေသူဖြစ်သည်။

၂။အလုပ် အ သူ ။ ။ ထိုသူသည် မိမိတကယ်နားမလည်သော်လည်း နားလည်သကဲ့သို့ ဟန်ဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။

၃။ အလုပ် ပျင်းသူ ။ ။ ထိုသူသည် အလုပ်လုပ်ရန်ပျင်းရိသောကြောင့် ဆင်ခြေအမျိုးမျိုးပေး နေသူဖြစ်သည်။

၎။ အလုပ်လိမ်သူ။ ။ ထိုသူသည် အလုပ် ဆယ်ပြားတန်လုပ်၍ တကျပ်တန် အခတောင်းတတ်သော လူမျိုးဖြစ်သည်။

၅။ အလုပ်အားမကိုးသူ။ ။ ထိုသူသည် မိမိကိုယ်ကို မိမိအားမကိုးပဲ သူတစ်ပါး၏ နှားခေါင်းနှင့်အသက်ရှူသော လူမျိုးဖြစ်သည်။

အဆိုပါ ရှောင်သူ ၊ အသူ၊ ပျင်းသူ ၊ လိမ်သူ၊ အားမကိုးသူများ၏ အကြားမှ----တာဝန်ဟူသမျှကို ထမ်းရွက်ခြင်းအလုပ်ကို မခိုမကပ်လုပ်ကိုင်ခြင်း မိမိအလုပ် လုပ်သမျှနှင့် ထိုက်တန်သော အဖိုးအခကို သာ တောင်းခြင်း၊ စိတ်ပျက်ခြင်းများကို တိုက်ခိုက်၍ စိတ်ပျော်ခြင်းများကို လက်ခံခြင်းစသော အရည်အချင်းများနှင့်ပြည့်စုံသည့် အလုပ်သမားကောင်းဖြစ်ဖို့ကြိုစားကြပါစို့လို့......

ချစ်ခင်လေးစားလျှက်...
ညခင်း